Lithium-ion ဘက်ထရီတွေ ဘယ်လိုအလုပ်လုပ်သလဲ၊ ဘာကြောင့် ပေါက်ကွဲတတ်တာလဲ

date_range 01 June 2017

Lithium-ion ဘက်ထရီတွေ ဘယ်လိုအလုပ်လုပ်သလဲ၊ ဘာကြောင့် ပေါက်ကွဲတတ်တာလဲ

visibility 20660 Views

                ဖုန်းတွေ မီးလောင်ပြီး ပေါက်ကွဲတာနဲ့ ပတ်သတ်လို့ အရင်က မကြာခဏဆိုသလို ကြားဖူးကောင်းကြားဖူးပါလိမ့်မယ်။ ဒီလိုကိစ္စတွေထဲကမှ အတော်လေး လူပြောများခဲ့တာကတော့ တစ်နှစ်တုန်းက Samsung ရဲ့ Galaxy Note 7 ဖုန်းတွေ မီးလောင်ပြီး ပေါက်ကွဲတဲ့သတင်းပါ။

                အရင်က ဒီလိုသတင်းမျိုးတွေကို ခဏခဏတွေ့ခဲ့ရပေမယ့် Note 7 ကိစ္စကတော့ အင်တာနက် လူမှုကွန်ရက်တွေမှာ တော်တော်ကို ဂယက်ရိုက်သွားခဲ့တာပါ။ ဒီလိုဂယက်ရိုက်သွားတာနဲ့အတူ ဖုန်းရဲ့ Li-ion ဘက်ထရီတွေက တကယ်ပေါက်ကွဲနိုင်သလားဆိုတဲ့အချက်ကိုပါ ကျွန်တော်တို့ သံသယဝင်လာခဲ့ပါတယ်။

Li-ion ဘက်ထရီတွေ ဘယ်လိုအလုပ်လုပ်လဲ?

                ဘက်ထရီတွေ ပေါက်ကွဲနိုင်လားဆိုတာ မပြောခင်၊ ကျနော်တို့အားလုံးရဲ့ ဖုန်းတွေမှာ သုံးထားတဲ့ Li-ion ဘက်ထရီတွေရဲ့ အလုပ်လုပ်ပုံကို အရင်ဆုံး ပြောပြချင်ပါတယ်။

                Li-ion ဘက်ထရီတွေမှာ cathode နဲ့ anode လို့ ခေါ်တဲ့ ဓာတ်ဖိုနဲ့ ဓာတ်မ ငုတ်တိုင်နှစ်ခုရှိပါတယ်။ cathode ဘက် အခြမ်းကို Lithium ion တွေနဲ့ ဖြည့်ထားပြီး အားသွင်းနေတဲ့အချိန်မှာတော့ Lithium ion တွေက cathode ဘက်ကနေ anode ဘက်ကို ကူးသွားပါတယ်။ ဖုန်းကို အသုံးပြုတဲ့အချိန်မှာတော့ Lithium ion တွေက cathode ဘက်ကို ပြန်ရောက်လာပါတယ်။ cathode နဲ့ anode ရဲ့ ကြားမှာတော့ လျှပ်စစ်ဓာတ်ကို ကူးစေဖို့နဲ့ ion တွေကို electrode တစ်ခုကနေ တစ်ခုဆီ အလွယ်တကူကူးပြောင်းနိုင်ဖို့ ကူညီပေးတဲ့ electrolyte လို့ ခေါ်တဲ့ ဓာတုအရည်တစ်မျိုးကို ထည့်ထားရပါတယ်။ 

                Li-ion ဘက်ထရီတစ်လုံးမှာ အရေးအကြီးဆုံးအချက်ကတော့ cathode နဲ့ anode တစ်ခုနဲ့တစ်ခု ဆက်စပ်နေလို့ မရတာပါပဲ။ တကယ်လို့များ သူတို့နှစ်ခုကြားထဲမှာ လျှပ်စစ်စီးကူးနိုင်ခဲ့မယ်ဆိုရင် အားသွင်းရာကနေ ရရှိလာတဲ့ စွမ်းအင်တွေက တစ်ဖက်တစ်ချက်မှာရှိတဲ့ electrode တွေထဲကို ရောက်သွားရမယ့်အစား အလယ်မှာရှိတဲ့ electrolyte အထဲကို ရောက်သွားပြီး သေချာပေါက် မီးလောင်ပေါက်ကွဲစေမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ electrode တစ်ခုနဲ့ တစ်ခုကြားမှာ separator တစ်ခုနဲ့ ခြားထားရပါတယ်။ ပုံမှာမြင်ရတာကတော့ Lithium-ion ဘက်ထရီတစ်လုံးကို တည်ဆောက်ထားပုံနဲ့ သူ့ရဲ့ အလုပ်လုပ်ပုံပါ။


Li-ion ဘက်ထရီတွေ ဘာလို့ မီးလောင်ရတာလဲ?

                ဖုန်းဘက်ထရီတွေကို အချိန်တိုအတွင်းမှာပဲ အားကို ကုန်တဲ့အထိသုံးလိုက်၊ အားပြန်သွင်းလိုက် ခဏခဏ လုပ်တာတွေကြောင့် Li-ion ဘက်ထရီရဲ့ electrode ကနေ "Dendrite" လို့ခေါ်တဲ့ သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ Lithium သတ္ထုအမျှင်လေးတွေ ဖြစ်ပေါ်လာပါတယ်။ အဲဒီ သတ္ထုမျှင်လေးတွေက နောက်ထပ် electrode တစ်ခုဆီကို သွားစပ်ပြီး လျှပ်စစ်စီးကူးစေတဲ့အခါမှာတော့ short-circuit ဖြစ်ပေါ်လာရပါတော့တယ်။ အဲဒီလိုဖြစ်လာရင်တော့ အပူချိန်တွေ မြင့်တက်လာပြီး ရုတ်တရက် မီးထတောက်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဓာတုဗေဒသဘောတရားတွေအရ Lithium သတ္ထုကိုယ်တိုင်က ဓာတ်တုံ့ပြန်မှုမြန်ဆန်ပြီး မီးလောင်နိုင်တဲ့ ဂုဏ်သတ္တိရှိတဲ့အတွက် အပူချိန်လွန်ကဲလာတာမျိုးရှိရင် အလွယ်တကူ မီးလောင်နိုင်မှာ ဖြစ်ပါတယ်။ ပုံမှာ မြင်ရတာကတော့ Solid Electrolyte Interface (SEI) ကို သရုပ်ပြထားတာပါ။ SEI ဆိုတာ ဘက်ထရီထဲမှာရှိတဲ့ electrolyte တွေက အရည်ကနေ အခဲ အခြေအနေကို ပြောင်းသွားတာကို ခေါ်တာပါ။


                ဖုန်းအသစ်တွေ မိတ်ဆက်လိုက်တိုင်းလည်း ဖုန်းတွေရဲ့ မျက်နှာပြင်အရွယ်အစားက တစ်ခုထက်တစ်ခု ပိုပို ကြီးလာသလို စွမ်းဆောင်ရည်တွေကလည်း ပိုပိုပြီး ကောင်းမွန်လာတာကို တွေ့ရမှာပါ။ ဒါကြောင့်လည်း ဖုန်းတွေအတွက် စွမ်းအင်ကို အရင်ကထက်ပိုပြီး သုံးစွဲလာရပါတယ်။ အခုလို စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့အတွက် ဖုန်းတွေကို အချိန်တိုတိုအတွင်းမှာ စွမ်းအင်များများသိုလှောင်နိုင်အောင် ဖန်တီးလာကြပါတယ်။ အဲဒီလိုပဲ အသစ်ထွက်ရှိတဲ့ ဖုန်းအတော်များများမှာ ဖုန်းကိုယ်ထည်တစ်ခုလုံးကို သတ္တုနဲ့ ပြုလုပ်ထားတာကလည်း ဖုန်းတွေကို နဂိုရှိရင်းစွဲထွက် ပိုလို့တောင်မှ ပူစေနိုင်ပါတယ်။ ဒါ့အပြင် အချိန်တိုအတွင်းမှာ အမြန်အားပြည့်အောင် သွင်းတဲ့ နည်းပညာတွေနဲ့ ဖုန်းအားကို အချိန်အကြာကြီး အားသွင်းရင်း ပစ်ထားတာတွေကြောင့်လည်း အပူချိန်လွန်ကဲမှုကို ဖြစ်စေပါတယ်။

                ဖုန်းထုတ်လုပ်သူတွေနဲ့ ရောင်းချသူတွေ အဖို့တော့ Li-ion ဘက်ထရီတွေက သူတို့ကို ဘယ်လောက်ထိ ဒုက္ခပေးနိုင်သလဲဆိုတာကို ကောင်းကောင်းသိပြီးဖြစ်မှာပါ။ အပြိုင်အဆိုင်တွေ အရမ်းများတဲ့ အခြေအနေမျိုးမှာ ထုတ်လုပ်မှုပိုင်းမှာ အမှားအယွင်း နည်းနည်းဖြစ်ရုံနဲ့ ပြိုင်ဘက်တွေရဲ့နောက် နောက်ကောက်ကျကျန်ခဲ့မှာမို့ ဖုန်းထုတ်လုပ်သူတွေအနေနဲ့ နည်းနည်းလေးမှ အတိမ်းအစောင်းခံမှာမဟုတ်တော့ပါဘူး။

                တကယ်လို့များ ဘက်ထရီတစ်လုံးက စက်ရုံကနေ အမှားအယွင်းအတိမ်းအစောင်းမရှိ ထုတ်လုပ်လိုက်တယ်ဆိုပါစို့။ ဒါဆိုရင် ဘက်ထရီတစ်လုံး မီးလောင်ပေါက်ကွဲဖို့ဆိုတာ အသုံးပြုသူရဲ့ အမှားကြောင့် ဘက်ထရီကို ထိခိုက်မိလို့လည်း ဖြစ်နိုင်ပါတယ်။ ဖုန်း လွတ်ကျတာမျိုး၊ ဖုန်းကို တက်ဖိမိတာမျိုးက ဖုန်းရဲ့ ဘက်ထရီအတွင်းပိုင်းက cathode နဲ့ anode ကို ခြားထားတဲ့ seperator ကို ပျက်စီးစေနိုင်ပြီး short circuit ဖြစ်နိုင်ပါသေးတယ်။

ဖုန်းဘက်ထရီတွေ မီးလောင်၊ပျက်စီးမှုမရှိအောင် ဘယ်လိုကာကွယ်သင့်လဲ?

                ဒီလောက်ဆိုရင် Li-ion ဘက်ထရီတွေ၊ အလုပ်လုပ်ပုံနဲ့ ပျက်စီးပေါက်ကွဲရတဲ့အကြောင်းရင်းတစ်ချို့ကို နားလည်လောက်ပြီထင်ပါတယ်။

                ဒီလို ပေါက်ကွဲ၊ ပျက်စီးမှုတွေ မဖြစ်အောင် အသုံးပြုသူတွေ အနေနဲ့ လိုက်နာသင့်တဲ့အချက်တွေကတော့

  1. ဖုန်းအားသွင်းကြိုးကို ကိုယ့်ရဲ့ ဖုန်းအမျိုးအစားအတွက် သတ်မှတ်ပြီး ထုတ်ထားတဲ့ အားသွင်းကြိုးကိုပဲ အသုံးပြုသင့်ပါတယ်။ အကြောင်းအရင်းကတော့ ဖုန်းတစ်လုံးနဲ့ တစ်လုံး သွင်းရမယ့် voltage နဲ့ ampere ပမာဏ မတူလို့ပဲဖြစ်ပါတယ်။ မဟုတ်ရင်တော့ ကိုယ်ဈေးပေါပေါနဲ့ ဝယ်ထားတဲ့ ဖုန်းအားသွင်းကြိုးက ကိုယ့်ရဲ့ သိန်းကျော်တန်ဖုန်းကို ဒုက္ခပေးကောင်းပေးပါလိမ့်မယ်။

  2. ဖုန်းတွေကို အားပြည့်တာနဲ့ ဖြုတ်ထားသင့်ပါတယ်။ iPhone နဲ့ Android ဖုန်းတော်တော်များများမှာ ဖုန်းအားပြည့်တာနဲ့ ဖုန်းအတွင်းထဲကို လျှပ်စစ်စီးဝင်မှုကို အလိုလျောက်ရပ်တန့်ပေးမယ့် chip တွေ ပါဝင်တယ်ဆိုပေမယ့် အားအကြာကြီးသွင်းတာက Li-ion ဘက်ထရီတွေကို မြန်မြန်ယိုယွင်း ပျက်စီးလာစေပါတယ်။ အဲဒီလို ပျက်စီးလာပြီဆိုရင်တော့ ဖုန်းအပူချိန် မြင့်တက်တာလိုမျိုး ပြဿနာတွေကလည်း တစ်ဆက်တည်း ပါလာမှာ ဖြစ်ပါတယ်။
  3. ဖုန်းရဲ့ ကာဗာကို ဖြုတ်ပြီးမှ အားသွင်းသင့်ပါတယ်။ ဖုန်းကို ကာဗာတပ်ထားတာက ဖုန်းကို အပေါ်ကနေ အနွေးထည် ထပ်ဝတ်ပေးထားတာနဲ့ သဘောတရားတူပါတယ်။ ဖုန်းကိုယ်ထည်ထဲမှာရှိတဲ့ အပူတွေ အပြင်ထွက်တာကို နှေးကွေးစေတဲ့အတွက် ဖုန်းအားသွင်းနေချိန်နဲ့ ဖုန်းကို အပူချိန်မြင့်တက်စေမယ့် ဂိမ်းတွေ၊ App တွေအသုံးပြုနေတဲ့အချိန်တွေမှာ ဖုန်းကာဗာကို ဖြုတ်ထားတာက အကောင်းဆုံးပါပဲ။
  4. ဖုန်းပူလာပြီဆိုရင် အအေးခံပြီးမှ ပြန်သုံးသင့်ပါတယ်။ အားသွင်းလို့ပဲဖြစ်စေ၊ ဂိမ်းကစားနေလို့ပဲဖြစ်စေ ဖုန်းပူလာပြီဆိုရင် ခဏလောက် ပြန်ပြီး အအေးခံပြီးမှ ဆက်သုံးသင့်ပါတယ်။
  5. နေရောင်အောက်၊ ဒါမှမဟုတ် အရမ်းပူတဲ့နေရာမျိုးတွေမှာ အကြာကြီး မထားသင့်ပါဘူး။ ဖုန်းဘက်ထရီတစ်လုံးရဲ့ ကန့်သတ်ချက်က အပူချိန် ၀ ကနေ ၄၅ ဒီဂရီအထိပဲ ရှိပါတယ်။ ဒါကြောင့်မို့ နေရောင်အောက်နဲ့ ကား dashboard ပေါ်လို နေရာမျိုးတွေမှာ မထားသင့်ပါဘူး။

နိဂုံးချုပ်

                Li-ion ဘက်ထရီတွေက ပေါက်ကွဲနိုင်တယ်ဆိုပေမယ့် ပေါက်ကွဲဖို့ အခွင့်အလမ်းကတော့ တော်တော်လေးနည်းတဲ့အတွက် အရမ်းကြီးတော့လည်း စိုးရိမ်နေစရာမလိုပါဘူး။ Samsung Note 7 တွေရဲ့ ဖြစ်စဉ်ကို ပြန်ကြည့်ရမယ်ဆိုရင် အလုံးရေ ၂ သန်းကျော်မှာမှ အလုံးရေ ၁၀၀ ကျော်သာ ပြဿနာကြုံခဲ့ရတာကြောင့် ဖြစ်နိုင်ချေက ဝ.၀၀၅ ရာခိုင်နှုန်းပဲ ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဖုန်းတစ်လုံး ပေါက်ကွဲခဲ့မယ်ဆိုရင် ဖုန်းရဲ့ တန်ဖိုးအရရော၊ လူကို အန္တရာယ်ဖြစ်စေနိုင်တာရောကြောင့်မို့ အပေါ်ကအချက်တွေကို သတိထားသင့်တာတော့ အမှန်ပါပဲ။

This Article is Contributed by Min Hein Kyaw
References
BGR Green Transportation Berkeley Lab
About Author
Assinged Tags
Features Smartphones Featured Articles Battery Issue Lithium-ion battery Battery Explosion How It Works
Categorized Under
Features

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed